Tuesday, November 15, 2016

တောင်ဇလပ်နဲ့ ချယ်ရီပန်း


ချင်းပြည်နယ်ကိုဖော်ကျူးသည့် ချင်းပြည်နယ်၏ အမှတ်သင်္ကေတဖြစ်သော တောင်ဇလပ်နှင့် ချယ်ရီပန်းများအများဆုံး ဖူးပွင့်သော တီးတိန်မြို့နယ် ကနေဒီတောင် (Thangmual) ခေါ် လေသာတောင်ကြော တစ်လျှောက်တွင် ခရီးသွားဧည့်သည်များအား ကြိုဆိုလျက် နှစ်စဉ်နှစ်တိုင်း ဧည့်ဝတ်မပျက် မြိုင်မြိုင်ဆိုင်ဆိုင် လှိုင်လှိုင်ပွင့်နေပြီဖြစ်ကြောင်း သိရသည်။

ပင်လယ်ပြင်အမြင့် ၈၈၇၁ ပေရှိသော ကနေဒီတောင်သည် ချင်းပြည်နယ် (မြောက်ပိုင်း)တွင် အမြင့်ဆုံးဖြစ်ကာ ဒေသအလှကို အကောင်းဆုံးမြင်တွေ့နိုင်သည့် နေရာဖြစ်သဖြင့် ခရီးသွားလုပ်ငန်းအတွက် များစွာအထောက်အကူပြုနိုင်သည့် ဒေသဖြစ်ကြောင်း၊ ယခုအခါ ချင်းတောင်ပေါ်တွင် တစ်နှစ်ထက်တစ်နှစ် သစ်တော၊သစ်ပင်များခုတ်ထွင်နေမှုကြောင့် ပြုန်းတီးလာပြီး ရာသီဥတုဖောက်ပြန်လာကြောင်း၊ အအေးပိုင်း ဒေသပေါက်ပင်တစ်မျိုးဖြစ်သည့် ပြည်နယ်၏သင်္ကေတပြု တောင်ဇလပ်နှင့် ချယ်ရီပန်းပင်များမှာလည်း တဖြည်းဖြည်းပြုန်းတီးစပြုလာပြီဖြစ်ကြောင်း၊ ယင်းတို့ကြောင့် သစ်တော၊ သစ်ပင်ပန်းမန်များ ချစ်မြတ်နိုးပြီး ထိန်းသိမ်း တတ်လာစေရန် ယခုလိုလုပ်ဆောင်ရခြင်းဖြစ်ကြောင်း၊ ချင်းပြည်နယ်အတွင်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနေရာ လျာထားချက်များတွင် ကနေဒီတောင်ထိပ်လည်း ပါဝင်ကြောင်း၊ ကနေဒီဒေသ သစ်တောပြန်လည်ထူထောင်ရေးအတွက် ဒေသခံများ၏ ပူးပေါင်း ပါဝင်မှုကလည်းများစွာလိုအပ်နေပြီး ချင်းတောင်ရှိ တောင်ဇလပ်၊ ချယ်ရီ ပင်များခုတ်ယူမှုကို တားဆီးကာကွယ်ထိန်း သိမ်းခြင်းနှင့် စိုက်ပျိုးမှုများကိုလည်း ဆက်လက် ဆောင်ရွက်သွားရန်လိုအပ်ကြောင်း ကနေဒီတောင် စိမ်းလန်းစိုပြည်ရေး အဖွဲ့ ဥက္ကဋ္ဌ ဦးငင့်ရှင်းခွာလ် (ခ) ဦးလှိုင်အောင်က ပြောသည်။

''တောင်ဇလပ်နဲ့ ချယ်ရီပန်းတွေက နှစ်စဉ် ဒီဇင်ဘာနဲ့ ဇန်နဝါရီနှစ်ဆန်းပိုင်းမှာပွင့်တယ်။ လမ်းဘေးအပင်ကြီးတွေမှာ ပွင့်နေတဲ့ တောင်ဇလပ်၊ ချယ်ရီပန်းတွေကို ခရီးသွား တွေက အမှတ်တရဆိုပြီး အကိုင်းခုတ်တယ်။ ချိုးတယ်။ ခူးပြီးရင်လည်း ပန်းမန်တွေက ကလေးမြို့ အပူပိုင်းဒေသကို ရောက်တာနဲ့ သိပ်မကြာဘူး ညှိုးသွားတယ်။ ချင်းပြည် နယ်အလှက တောင်ဇလပ်နဲ့ ချယ်ရီပန်းပဲရှိတာ။ ချင်းပြည်နယ်ကို ပြည်တွင်းပြည်ပခရီး သွားတွေလာကြတာဆိုတော့ သဘာဝအလှ အပနဲ့ ရှုခင်းကောင်းကောင်းကြည့်နိုင်မယ့် နေရာက ကနေဒီတောင်ကြောတစ်လျှောက် ပဲရှိတယ်''ဟု ၎င်းကပင် ပြောသည်။

ချင်းပြည်နယ်ကို ကမ္ဘာလှည့်ခရီးသွား များ၏ စိတ်အာရုံကို ဆွဲဆောင်နိုင်သည့် သဘာဝအခြေခံခရီးသွား ဒေသတစ်ခုဖြစ်လာ စေရန်ရည်ရွယ်ကာ ဒေသသာယာလှပရေး အတွက် ၂ဝ၁၂ ခုနှစ်မှ စတင်၍ ကနေဒီ တောင်စိမ်းလန်းစိုပြည်ရေးအဖွဲ့ ဖွဲ့စည်းပြီး အာလွယ်ကျေးရွာတွင် သစ်ပင်များစိုက်ပျိုးခြင်း ဖြင့်လည်းကောင်း၊ ချယ်ရီ၊ ခါတော်မီ၊ ထင်းရှူး စသည့်အပင် နှစ်သောင်းရှိ နှစ်ဧကကို ကနေဒီဒေသ စိမ်းလန်းစိုပြည်ရေးနှင့် ဒေသခံများ၏ ဘဝနေထိုင်မှုလိုအပ်ချက်အတွက် သစ်တောပြုန်းတီးမှုဖြစ်ပေါ်နေသည့် နေရာများတွင် ပြန်လည်ပျိုးထောင်စိုက်ပျိုးခြင်းနှင့် လှုံ့ဆော်ထိန်းသိမ်းခြင်းဖြင့် လည်းကောင်း၊ တောင်ဇလပ်နှင့် ချယ်ရီသစ်ပင်ပန်းမန်များ ထိန်းသိမ်းခြင်းဖြင့်လည်းကောင်း ကနေဒီ စိမ်းလန်းစိုပြည်ရေးအဖွဲ့က ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

''ပြီးခဲ့တဲ့ ၂ဝ၁၃ ခုနှစ်မှာ တီးတိန်မြို့နယ် လိုင်ဘုံကျေးရွာ ရေကြီးမြေပြိုမှုတွေ၊ ၂ဝ၁၄ ခုနှစ် တွီးဆောက်ကျေးရွာမှာ တောင်ပြိုပြီး ရွှံ့ညွန်ချောင်းစီးတာတွေ၊ ဒီနှစ် ၂ဝ၁၅ ခုနှစ် မှာ ချင်းပြည်နယ် တွန်းဇံမြို့နယ် တွီးခိန်ဇန် (ဟားခါးလေး)မှာ ရွှံ့ညွန်ချောင်းစီးတာနဲ့ ကလေးမြို့မှာ ကြီးမားတဲ့မကြုံစဖူး သဘာဝ ဘေးအန္တရာယ် ရေကြီးရေလျှံမှုတွေကလည်း ဒီအကျိုးဆက်တွေပါတယ်။ ကလေးမြို့ကို စီးတဲ့ မြစ်ချောင်းတွေက အဲဒီကနေဒီတောင်ကြောမှာ ချောင်းဖျားခံတာဖြစ်ပြီး တောင်ပေါ်မှာ သစ်ပင်တွေပြုန်းတီးတော့ တောင်ပြိုတယ်။

အဲဒီမြေတွေက ချောင်းထဲကိုရောက်ပြီး ရေတိုက်စားတာတွေ၊ ရေကြီးတာတွေဖြစ်လာတယ်။ ၁၉၉၃ ခုနှစ်ကနေစပြီး ကနေဒီ ဒေသမှာ သစ်ခုတ်တာတွေရှိလာတယ်။ အရင်ကတော့အဲဒီတောမှာ ကျားတွေ၊ ရှားပါးငှက်မျိုးတွေလည်း ကျက်စားဖူးတယ်။ ဒါ့အပြင် ချင်းပြည်နယ်ရဲ့အမှတ်သညာဟာ အောက်ချင်းငှက်ဖြစ်ပြီး ချင်းပြည်နယ်ရဲ့ သဘာဝအလှဟာ တောင်ဇလပ်နဲ့ ချယ်ရီပန်း ဖြစ်ပါတယ်။

သစ်တောပြုန်းတီးမှုတွေကြောင့် အမှတ်သညာဖြစ်တဲ့ အောက်ချင်းငှက်နဲ့ သဘာဝအလှကို ဖော်ကျူးတဲ့ တောင်ဇလပ်နဲ့ ချယ်ရီလည်း ပျောက်ကွယ်လုနီးဖြစ်နေပါပြီ။ နောက်ပြီး ကနေဒီတောင်တန်းဟာ တီးတိန်မြို့ နဲ့ ကဘော်ချိုင့်ဝှမ်းရဲ့ ရေသောက်မြစ်ဖြစ် တယ်။ ကနေဒီတောင်ပြုန်းတီးမှုကြောင့် ရာသီဥတုပြောင်းလဲမှုနဲ့ သဘာဝဘေးဒဏ်ကျ ရောက်မှုဟာ ကလေးကဘော်ကို တိုက်ရိုက်ဆိုသလို ရိုက်ခတ်လာပါတယ်။ ဒါကြောင့် အခုလိုမျိုးအဖွဲ့ ဖွဲ့စည်းထား ခြင်းပဲဖြစ်ပါတယ်''ဟု အဖွဲ့ဥက္ကဋ္ဌက ဆက်လက်ပြောပြသည်။

ချင်းပြည်နယ်ရှိ ဒေသခံတို့မှာ ယခုနှစ် ဆောင်းနံနက်ခင်းတွင် နှင်းမှုန်များအကြား လှလှပပ ဝေဝေဆာဆာ ဖူးပွင့်နေသော တောင်ဇလပ်ပန်းနှင့် ပန်းချယ်ရီတို့၏ တစ်မူ ထူးခြားသော ရသတစ်ခုကို ခံစားနေရပြီဖြစ်သလို ဤအချိန်အခါဝယ် ချင်းတောင်ပေါ် မြေသို့ ကြွလှမ်းခဲ့ပါက မြေပြန့်သူတို့နှင့် ပြည်တွင်းပြည်ပ ဧည့်သည်တို့ကို တောင်ဇလပ်နှင့် ချယ်ရီပန်းတို့က ကြိုဆိုနေမည်ဖြစ်ကြောင်း
တင်ပြလိုက်ရပါသည်။

No comments:

Post a Comment