Tuesday, April 18, 2017

စာ "တတ်ရမယ်

စာ "တတ်ရမယ်
===========

"သား "ရေ ခဏလာပါအုံး ကွာ....
သား အခု ဆရာဝန်တစ်ယောက်ဖြစ်နေပြီနော်...
ဟုတ် ဖေဖေ...

ဟိုတစ်နေ့က.....သားတာဝန်ကျတဲ့ဆေးရုံကို ဖေဖေရောက်တယ်....
အဖေ အသိတစ်ယောက် ဆေးရုံတက်နေတာကို သတင်းသွား
မေးတာပါ။ အဲဒီမှာ ဖေဖေ စိတ်မချမ်းသာတဲ့ မြင်ကွင်းတစ်ခု
တွေ့လိုက်တယ်။
ဆရာဝန် တစ်ယောက်က လူနာတစ်ယောက်ကို ပြောဆိုအော်
ငေါက်နေတာကွာ....

ဟုတ်တော့ဟုတ်တယ် ဖေဖေ....တစ်ချို့လူနာတွေက အကျီင်္အထူကြီး မ၀တ်ပါနဲ့ဆို ၀တ်တယ်။
အပူချိန်တွေ တက်လာတော့ အဖျားရှိတယ်လို့ ကျွန်တော်တို့က
ထင်ပြီး ဆေးတွေပေးရတယ်။
ပိုးသတ်ဆေးကို courseပြည့်အောင် သောက်ပါဆို မသောက်ဘူး ဖေဖေ။
စကားနားမထောင်လို့ ဆရာဝန်က စေတနာနဲ့ ငေါက်တာနေမှာပါ ဖေဖေ။
ဖေဖေ ဖြစ်သူက "သား"သားပြောတာ ဖေဖေလက်ခံတယ်။
သား ကို ဖေဖေမေးမယ်။
လူနာက သူ့ဘာသူ ကုတတ်လို့ဆေးရုံလာတက်တာလား...?
ဒါမှမဟုတ် ဆေးပညာအကြောင်း သူတို့သိလား....?

သား ဖြစ်သူက ဟုတ်ပါတယ် ဖေဖေ သူတို့မသိလို့ ၊ မကုတတ်
လို့ ဆေးရုံလာတက်တာပါ။
လောကကြီးမှာ သားတို့ သင်တဲ့စာတွေ အသိတွေက အတတ်
ပညာ လို့ခေါ်တယ်။
လောက "စာ" ကိုတော့ လူတိုင်းမတတ်ကြဘူး ၊ မသိကြဘူး ၊

လောက "စာ"ဆိုတာ ဘာလဲ သိလား သား....?
မသိဘူး ဖေဖေ သားကို ပြောပြပါအုံးနော်။
လောက "စာ" ဆိုတာ လူရယ်လို့ ဖြစ်လာရင် "စာနာတတ်ရမယ်
ကိုယ်ချင်းစာတတ်ရမယ်။"
ကိုယ်ချင်းမစာတတ်သူက ပညာတွေဘယ်လောက်တတ်တတ်
ဘယ်လောက်ချမ်းသာ ချမ်းသာ လောက" စာ"မတတ်ရင်
အနစ်မရှိတဲ့ လူ လို့ခေါ်တယ်။

နောက်ပြီး ရင်ထဲက ကိုယ်ချင်းစာတတ်ပေမယ့် ပါးစပ်ကလည်း
ကိုယ်ချင်းစာ ဖို့ လိုတယ် သား။

"ထမင်းငတ်အောင် လုပ်တာလည်း
ဒီပါးစပ်ပဲ
လူချစ်လူခင်များအောင် လုပ်တာလည်း
ဒီပါးစပ်ပဲ" သား

အော်ငေါက်နေတဲ့ ဆရာဝန်ကိုဖေဖေ့အမြင်အရ သုံးသပ်မယ်
ဆိုရင် လောက" စာ" တတ်ပေမယ့်လည်း ပါးစပ် "စာ"မတတ်
တော့ ကိုယ်ချင်းစာစိတ်မရှိဘူးလို့ ဖေဖေက ယူဆတော့မှာပေါ့

"တကယ်တော့ ရင်ထဲက ကိုယ်ချင်းစာ တတ်တဲ့လူသည်
နုတ်ထွက်စကားတွေမှာလည်း ကိုယ်ချင်းစာ တတ်တဲ့
စေတနာတွေ ပါတယ်။
ဒေါသေ ထွက်ပြီး ဆူငေါက်နေရင်တောင်မှ စေတနာ ဒေါသပဲ
ဖြစ်လိမ့်မယ်"

"သား နားလည်ပါ ပြီ "ဖေ ဖေ "ရင်ထဲမှာ ကိုယ်ချင်းစာ စိတ်ထားသင့်သလို ပါးစပ်ကလည်း ကိုယ်ချင်းစာစိတ် ထားရမယ်
သား ပညာ တွေဘယ်လောက်တတ်တတ် ကိုယ်ချင်းစာ
စိတ်မရှိရင် သား လည်းအလကား ဆရာဝန် ဖြစ်မှာပေါ့နော်
သား ဒီနေ့ကစပြီး ဖေဖေ ပြောဆိုဆုံးမခဲ့တာတွေကို လိုက်နာ
ကျင့်သုံးမယ်လို့ ကတိပေးပါတယ် ဖေဖေ"

သူငယ်ချင်း...ပညာဘယ်လောက်တတ်တတ် ဘယ်လောက်
ချမ်းသာ ချမ်းသာ လူရယ်လို့ ဖြစ်လာရင် "စာ"တတ်ဖို့တော့
လိုတယ်နော်.....

ကမ္ဘာကျော်တရုတ်ပညာရှိကြီးကွန်ဖြူးရှပ်Confucius

ကမ္ဘာကျော်တရုတ်ပညာရှိကြီးကွန်ဖြူးရှပ်Confucius

မွေးဖွါး
ဘီစီ -၅၅၁
ရှန်တုန်ပြည်နယ်
ကွယ်လွန်
ဘီစီ -၄၇၉
နိုင်ငံသား
တရုတ်နိုင်ငံ
အလုပ်အကိုင် တွေးခေါ်ပညာရှင်

တရုတ်တွေးခေါ်ပညာရှင် ကွန်ဖြူးရှပ်(Confucius)(ဘီစီ ၅၅၁-၄၇၉)ကို ယနေ့တရုတ်နိုင်ငံ အရှေ့မြောက်ဖက်ရှိ ရှန်တုန်နယ်(Shantaung)ရှိ လု(Lu')နိုင်ငံငယ်လေးတွင် ဘီစီ-၅၅၁ခုက ဖွားမြင်သည်။ ငယ်စဉ်ကပင် ဖခင်ဆုံးပါးသဖြင့် မိခင်မုဆိုးမက ကျွေးမွေးစောင့်ရှောက်လာခဲ့သည်။ လူငယ်ဘ၀က အစိုးရ၀န်ထမ်းအဖြစ် တာဝန်ထမ်းခဲ့ဖူးပြီး ၀န်ထမ်းသက်အတော်ကြာမှ အလုပ်ထွက်ကာ အတွေးအမြင်များကို စတင်ဟောပြောပို့ချသည်။ နောက်ပါတပည့်များပြားလာပြီး အသက်ငါးဆယ်အရွယ်တွင် လုအစိုးရက ရာထူးကြီးပေးကာ တာဝန်ထမ်းဆောင်ရန်ကမ်းလှမ်းသောကြောင့် မင်းမှုထမ်းဖြစ်ပြန်သည်။

လေးနှစ်သာခံပြီး ကုန်းတိုက်သူတို့ကြောင့် ပြည်နှင်ဒဏ်ဖြင့် ၁၃ နှစ်တိုင်နေရရှာသည်။ ထို ၁၃ နှစ်တွင် တရုတ်ပြည် ပဒေသရာဇ်နိုင်ငံငယ်လေးများတွင် နယ်လှည့် ဟောပြောပို့ချသူအဖြစ် နေထိုင်ရှင်သန်ခဲ့သည်။ နာမည်ကျော်ဘ၀ဖြင့် ဇာတိသို့ပြန်ရောက်ပြီး ၅ နှစ်အကြာ(အသက် ၇၂နှစ်) တွင် ကွယ်လွန်သည်။ကွန်ဖြူးရှပ် ဆိုသည့်အခေါ်မှာ ကန်တုံ တရုတ်သံမှ ဖလှယ်ထားခြင်းဖြစ်ပြီး မန်ဒရင်းသံဖြင့်ဆိုလျှင် ခုန်ဖူဇီ(Koung Fu Zi)ဟုအနီးစပ်ဆုံး အသံဖလှယ်နိုင်သည်။ ခုန်/ကွန် မှာမျိုးရိုးနာမည် ဖြစ်ပြီး၊ ဖူ/ဖြူး နှင့် ဇီ/ရှပ် မှာ အသက်အရွယ်ကြီးရင့်သူ၊ ပညာကြွယ်ဝသူကို လေးစားသမှုဖြင့် ခေါ်ဝေါ်သည့် အသုံးအနှုံးဖြစ်သည်။ထို့ကြောင့် ခုန်ပညာရှိလူကြီးမင်း ဟုအဓိပ္ပါယ်ရသည်။

ကွန်ဖြူးရှပ်ကို အတွေးအခေါ်ပညာရှင်သာမက ဘာသာရေးရှေ့ဆောင်အဖြစ်လည်း သတ်မှတ်ကြသည်။ ကိုးရီးယားကျွန်းဆွယ်တွင် ဘာသာရေးအသွင်ဖြင့် ကိုးကွယ်သေးသည်။ တရုတ်လူမျိုးတို့အတွက်မူ ဘ၀လမ်းပြဒဿန ဆရာကြီးအဖြစ် ကြည်ညိုပြီး ၄င်း၏လမ်းစဉ်များကို လိုက်နာကြပါသည်။

ကွန်ဖြူးရှပ်၏ အတွေးအခေါ်တို့မှာ အသစ်အဆန်း များများစားစား ပါလှသည်မဟုတ်ပေ။ အဟောင်းကိုသာ ကောင်းအောင်ပြင်ပြီး လူတို့မမေ့အပ်ကြောင်းကို အဓိကထားပြီး ဆိုဆုံးမခြင်းသာ ဖြစ်သည်။ သို့သော် ထိုဆုံးမစာများမှာ အစိုးရအုပ်ချုပ်ရေးကို ပဲ့ကိုင်သည့် လမ်းညွှန်ပြဌာန်းချက်လည်း ဖြစ်လာသည်။ တရုတ်နိုင်ငံမင်းဆက် အဆက်ဆက်၊ ခေတ်အဆက်ဆက်တွင် သုံးနှစ်တစ်ကြိမ်ကျ ဘုရင်က ကြီးမှုးကျင်းပသည့် နိုင်ငံလုံးဆိုင်ရာ ဘုရင့်စာမေးပွဲ တွင် ဖြေဆိုရန် ပြဌာန်းထားသည့် ကျမ်းမှာ ထိုကွန်ဖြူးရှပ်၏ ၄အုပ်၊၅ကျမ်း ခေါ်သည့် (စာအုပ်အားဖြင့် ၄အုပ်၊ ကျမ်းစာအားဖြင့် ၅ ကျမ်း) သာဖြစ်သဖြင့် တရုတ်တို့ အတွက် မရှိမဖြစ် ကျင့်ဝတ်ကျမ်း၊ အုပ်ချုပ်မှုရေးရာ စံကျမ်း၊လူမှုရေးကျမ်း များလည်းဖြစ်တော့သည်။ သမိုင်းတွင် ကွန်ဖြူးရှပ်ဝါဒီနှင့် ကွန်ဖြူးရှပ်ဂိုဏ်းသားများသည် တရုတ်နိုင်ငံကို ပထမဆုံးစုစည်း အုပ်ချုပ်သည့် ချင်မင်းဆက်(Ch'in)လက်ထက် ပထမဆုံးဧကရာဇ်ဘွဲ့ခံ ရှီဟွမ်တီ(ချင်ရှိဟွမ်)(Shih Huang Ti)လက်ထက် ဘီစီ-၂၂၁ခုတွင် ပြင်းထန်စွာနှိပ်ကွပ်မှုကို ခံခဲ့ရသည်။

၎င်း၏ကျမ်းစာများကို အဆိပ်အတောက်ဟု သတ်မှတ်ပြီး မီးပုံရှို့ရန် အမိန့်ပေးသည်သာမက ကျမ်းဆောင် အကျော်အမော်တို့ကိုပါ မြေမြုပ်သတ်ဖြတ်သဖြင့် ကွန်ဖြူးရှပ်ဝါဒီတို့ ကပ်ဘေးသင့်သည့် ကာလဟုဆိုနိုင်သည်။ သို့သော် ချင်မင်းဆက် အချိန်တိုအတွင်းပျက်သုဉ်းပြီး နောက်တက်သည့် ဟန်(Han)မင်းဆက် လက်ထက်တွင် အကြီးအကျယ်မြှောက်စားသဖြင့် ကွန်ဖြူးရှပ်ဝါဒီ တို့ပြန်လည် ခေါင်းမော့နိုင်တော့သည်။နောက်တစ်ကြိမ်အနေဖြင့် မော်စီတုန်းဦးဆောင်မှုဖြင့် တရုတ်နိုင်ငံတွင် ယဉ်ကျေးမှုတော်လှန်ရေး ကြီးဆင်နွှဲစဉ်တွင်လည်း တစ်ကြိမ် ပြန်လည်နှိပ်ကွပ်ခြင်း ခံခဲ့ရပြန်သည်။

ကွန်ဖြူးရှပ်အထိမ်းအမှတ် ရုပ်တုများကို ဖျက်ဆီးပစ်ခဲ့သည်။သို့သော်လည်း သမိုင်းတစ်လျှောက် အခိုင်အမာနေရာယူပြီး ဖြစ်သည့် ကွန်ဖြူးရှပ်ဝါဒမှာ ပျက်စီးခြင်းသို့ မကျရောက်တော့ပေ။အထက်ပါ နှစ်ကြိမ်မှလွဲလျှင် တရုတ်ပြည်ကို အုပ်ချုပ်သည့် ကျန်မင်းဆက်များအားလုံးနီးပါးက ကွန်ဖြူးရှပ်ဒဿနကို နိုင်ငံတော် ဒဿနသဖွယ် လိုက်နာပြီး၊၄င်း၏ လမ်းညွှန်ဆုံးမမှုတို့ကို ထိန်းသိမ်းလိုက်နာပြီး အုပ်ချုပ်ရေးကို ဖေါ်ဆောင်သဖြင့် တရုတ်ပြည်သူတို့သည် ကမ္ဘာ့သမိုင်းတစ်လျှောက် အကောင်းဆုံးဟု ဆိုနိုင်သည့် အုပ်ချုပ်မှုစံနှုံးဖြင့်အုပ်ချုပ်ခြင်းကို ခံခဲ့ရသည်ဟု ဆိုနိုင်ပေသည်။
ကိုးကား

ကျော်စွာ(၁၀၀)-ဒေါက်တာသန်းထွန်း

မြန်မာနိုင်ငံတော်

မြန်မာနိုင်ငံအကြာင်းကို တခြားအရာတွေမသိချင်နေပါ။ ဒါလေးတော့ မြန်မာနိုင်ငံသားတိုင်း သိသင့်ပါတယ်။ ဖတ်မိတာလေး ပြန်ရှယ်လိုက်ပါသည်။

တည်နေရာ

မြန်မာနိုင်ငံသည် အိန္ဒိယသမုဒ္ဒရာနှင့် ပစိဖိတ်သမုဒ္ဒရာအကြား အာရှတိုက်၏အရှေ့ တောင် ပိုင်းရှိ အင်ဒိုချိုင်းနားကျွန်းဆွယ်တွင် တည်ရှိသည်။ အရှေ့ မြောက်ဘက်တွင် တရုပ်ပြည်သူ့ သမ္မတနိုင်ငံ (၁၃၈၄ မိုင်)၊ အရှေ့ ဘက်တွင် လာအိုနိုင်ငံ (၁၄၆ မိုင်)၊ အရှေ့ တောင်ဘက်တွင် ထိုင်းနိုင်ငံ(၁၃၀၄ မိုင်) ၊ အနောက်ဘက်တွင် ဘင်္ဂလာဒေ့ရှ်နိုင်ငံ (၁၆၉ မိုင်)နှင့် အနောက်မြောက်ဘက်တွင် အိန္ဒိယနိုင်ငံ (၉၀၃ မိုင်)တို့နှင့် နယ်နမိတ် ထိစပ်နေသည်။

အကျယ်အ၀န်း

မြန်မာနိုင်ငံသည် စတုရန်းမိုင်ပေါင်း ၂၆၁၂၂၈ (၆၇၈ ၅၀၀ စတုရန်းကီလိုမီတာ ကျယ်ဝန်းသည်။ အရှေ့ တောင်အာရှတွင်အင်ဒိုနီးရှားနိုင်ငံပြီးနောက်ဒုတိယ အကြီးဆုံးနိုင်ငံဖြစ်သည်။ ကမ္ဘာ့အကြီးဆုံး နိုင်ငံများထဲတွင် အမှတ်စဉ် ၄၀ မြောက် အကြီးဆုံးဖြစ်သည်။ အဓိကတောင်တန်းကြီး ၃ ခုရှိသည် ပဲခူးရိုမတောင်တန်း၊ ရခိုင်ရိုးမတောင်တန်းနှင့် ရုမ်းတောင်တန်းတို့ဖြစ်သည်။ မြန်မာနိုင်ငံတွင် မြစ်ချောင်းအင်းအိုင်များပေါ်များသည် ထိုထဲမှ အထင်ကရမြစ်ကြီးများမှာ ဧရာဝတီမြစ်၊ ချင်းတွင်မြစ်နှင့် စစ်တောင်းမြစ်နှင့် သံလွင်မြစ်တို့ဖြစ်သည်။

အမြင့်ဆုံးတောင်

မြန်မာနိုင်ငံ မြောက်ပိုင်း ကချင်ပြည်နယ်ရှိ ခါကာဘိုရာဇီတောင်သည် အမြင့် ၅၈၈၁ မီတာ (ပေ ၁၉၂၉၀) ခန့် မြင့်မားသည်။

အရှည်ဆုံးမြစ်

ဧရာဝတီမြစ်သည် မိုင်းပေါင်း ၁၃၅၀ (၂၁၇၀ ကီလိုမီတာ) ရှည်လျားသည်။

လွတ်လပ်ရေးနေ့

ဇန္န၀ါရီလ ၄ ရက်၊ေ၉၄၈ ခုနှစ် နံနက် ၄း၂၀ အချိန်တွင် ဗြိတိသျှကိုလိုနီလက်အောက်မှ လွတ်လပ်ရေးရခဲ့သည်။

ရာသီဥတု

နွေ၊ မိုး၊ ဆောင် ဟူ၍ သုံးမျိုးရှိပါသည်။
နွေရာသီ - ဖေဖေါ်ဝါရီ မှ မေလကုန်အထိဖြစ်သည်။
မိုးရာသီ - ဇွန်လမှ စက်တင်ဘာလကုန်အထိ ဖြစ်သည်။
ဆောင်းရာသီ - အောက်တိုဘာလမှ ဇန္န၀ါရီလကုန်အထိဖြစ်သည်။

ကိုးကွယ်မှု

ထေရ၀ါဒ ဗုဒ္ဒဘာသာနိုင်ငံဖြစ်သည်။ အခြားဘာသာများကို ကိုးကွယ်သူများလည်း နေထိုင်သည်။ ဗုဒ္ဒဘာသာ ၈၉ %၊ ခရစ်ယန်ဘာသာ ၄ %၊ မူဆလင်ဘာသာ ၄ % နှင့် အခြား ကိုးကွယ်သည့်ဘာသာဝင် ၃ % ရှိသည်။( ၂၀၀၆ ခုနှစ်စာရင်းဖြစ်သည်။)

နိုင်ငံတော်အလံ

နိုင်ငံတော် အလံတွင် အ၀ါရောင် ၊ အစိမ်းရောင် နှင့် အနီရောင် တို့ အောက်ခံအဖြစ် ပါရှိခြင်းမှာ မြန်မာနိုင်ငံ လွတ်လပ်ရေး ကြိုးပမ်းမှုကာလက ထည်ဝါစွာ အသုံးပြုခဲ့သော သုံးရောင်ခြယ် အလံကို အလေးအမြတ်ပြု ဖော်ညွန်းခြင်း ဖြစ်သည်။

အလံတော်ရှိ အ၀ါရောင်သည် စည်းလုံးခြင်း ၊ ညီညွတ်ခြင်း ၊ ဥာဏ်ပညာကြီးမားခြင်း ၊ ပျော်ရွင်ခြင်းနှင့် တိုင်းရင်းသားအားလုံး ချစ်ခင်ရင်းနှီးစွာ စည်းလုံး ညီညွတ်မှုရှိခြင်း ဟူသော အဓိပ္ပါယ်ကို ဆောင်ပါသည်။

အလံတော်ရှိ အစိမ်းရောင်သည် မြေဆီသြဇာ ကြွယ်ဝခြင်း ၊ ညီညွတ်မျှတခြင်းနှင့် အေးချမ်းသာယာပြီး စိမ်းလန်းစိုပြည်သည့် နိုင်ငံ ဖြစ်သည်ဟူသော အဓိပ္ပါယ်ကို ဆောင်ပါသည်။

အလံတော်ရှိ အနီရောင်သည် ရဲရင့်ခြင်းနှင့် ပြတ်သားခြင်းဟူသော အဓိပ္ပါယ်ကို ဆောင်ပါသည်။

ကြယ်၏အရောင်ဖြစ်သော အဖြူရောင်သည် သန့်ရှင်းစင်ကြယ်ခြင်း ၊ ဖြောင့်မတ်မှန်ကန်ခြင်း ၊ ဂရုနာတရားပြည့်ဝခြင်းနှင့် စွမ်းအင်နှင့်ပြည့်စုံခြင်းဟူသော အဓိပ္ပါယ်ကို ဆောင်ပါသည်။

နိုင်ငံတော်သီချင်း

ကမ္ဘာမကြေ သီချင်းဖြစ်သည်။ ၀ိုင်အမ်ဘီဆရာတင် ရေးစပ်ခဲ့ခြင်းဖြစ်သည်။

ရုံးသုံးစာ

အဓိကမြန်မာစာကိုသုံးသည်။နိုင်ငံခြားဘာသာစကားအတွက့် အင်္ဂလိပ်စာကို အသုံးပြုသည်။

ငွေကြေး

ကျပ်ငွေကို အသုံးပြုသည်။ ၁ ကျပ်တွင် ပြား ၁၀၀ ပါရှိသည်။ ယနေ့ အမြင့်ဆုံး ငွေစက္ကူမှာ ကျပ် ၁၀,၀၀၀ တန် ဖြစ်သည်။

စံတော်ချိန်

ကမ္ဘာ့စံတော်ချိန်နှင့် (+ ၆.၃၀) နာရီကွားသည်။

နိုင်ငံတကာ Code

နိုင်ငံတကာ Code မှာ ၉၅ (95) ဖြစ်သည်။

ကမ္ဘာ့အသင်းဝင်

၁၉၄၈ ခုနှစ် ဧပြီလ တွင် ၅၈ နိုင်ငံမြောက် ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ ဝင်နိုင်ငံ ဖြစ်ခဲ့သည်။ ၁၉၉၇ ခုနှစ်တွင် အာဆီယံအဖွဲ့ ဝင် နိုင်ငံဖြစ်လာသည်။

စာကျက်နည်း

စာကျက်နည်း
------------------------------------------------------------------

ကျောင်းသားအရွယ် လူငယ်တွေအတွက် ဥာဏ်ကောင်းဖို့... ကျက်သမျှ စာတွေမှတ်မိဖို့ဆိုတာ တော်တော့်ကို အရေးပါပါတယ်... စာအရလွယ်အောင်.. ကျက်ထားသမျှ မှတ်မိအောင် ဘယ်လိုကျက်ရမလဲလို့ ပတ်ဝန်းကျင်မှာရှိတဲ့ လူအများစုကို မေးကြည့်မယ်ဆိုရင် ထပ်ခါထပ်ခါ ကျက်ပါလို့ ပဲ အကြံပြုကြမယ်ထင်ပါတယ်... ဒါပေမဲ့ တကယ့်လက်တွေ့မှာတော့ ဒီအဖြေဟာ ပြည့်စုံတဲ့အဖြေတစ်ခုမဟုတ်ပါဘူး... အခုဖော်ပြပေးမယ့်နည်းလမ်းအဆင့်တွေကတော့ စာကျက်တဲ့အခါ မြန်မြန်ရပြီး ကြာကြာမှတ်မိနေစေမယ့် နည်းလမ်းလေးဖြစ်ပါတယ်...

ပထမဆုံးအနေနဲ့ ဘာမှမလုပ်သေးခင်မှာ စာကျက်မယ့်သူဟာ ဘယ်လိုကျက်မှတ်တတ်တဲ့ အလေ့အထရှိသလဲဆိုတာကို ဆန်းစစ်ရပါမယ်... အကြားအာရုံနဲ့ မှတ်သားတာကို အားသန်သလား... အမြင်အာရုံနဲ့ မှတ်သားတာကို အားသန်တာလား... ဒါမှမဟုတ် အတွေ့အကြုံအပေါ် အခြေခံပြီး လေ့လာမှတ်သားတတ်တဲ့သူလားဆိုတာကို သိဖို့လိုပါမယ်... တစ်နည်းအားဖြင့် နားထောင်ပြီးကျက်တတ်တဲ့သူ/အော်ကျက်တတ်တဲ့သူလား... ဖတ်ပြီးကျက်တတ်သူလား... ရေးကျက်တတ်သူလားလို့ ခွဲနိုင်ပါတယ်... ကျွန်တော်တို့ အများစုကတော့ ပုံစံနှစ်မျိုး အနည်းဆုံး ရောယှက်နေတဲ့ သူတွေဖြစ်တတ်ကြပါတယ်... ကိုယ်အားအသန်ဆုံးဖြစ်တဲ့ မှတ်သားကျက်မှတ်မှုပုံစံပေါ်မူတည်ပြီး ဘယ်အဆင့်တွေကို အလေးပေးလုပ်ဆောင်ရမလဲဆိုတာကို အောက်မှာတစ်ပါတည်းဖော်ပြပေးထားပါတယ်....

အဆင့်(၁) ပြင်ဆင်ခြင်း
------------------------------------------------------------------
ပထမဆုံးကတော့ နေရာဖြစ်ပါတယ်.... တစ်ချို့က ဘယ်လိုနေရာဖြစ်ဖြစ် ကျက်တတ်ပေမဲ့ ကိုယ့်အတွက်အနှောင့်အယှက်ကင်းတဲ့နေရာဖြစ်ရင်တော့ စာကျက်တဲ့အခါမှာ အာရုံပိုစူးစိုက်နိုင်ပါလိမ့်မယ်... လူကိုလည်း သက်တောင့်သက်သာဖြစ်အောင် မပူလွန်းမအေးလွန်းတဲ့ အခြေအနေမျိုးဖြစ်အောင် စီမံထားသင့်ပါတယ်....

ဒုတိယတစ်ချက်က အာဟာရဖြစ်ပါတယ်... ပြည့်စုံလုံလောက်တဲ့အစာအာဟာရ စားသောက်ထားဖို့လိုပြီး အလွန်အမင်း ဗိုက်ပြည့်အောင်လည်းမစားရပါဘူး... ဗိုက်တအားပြည့်တဲ့အခါ အစာမကြေတာ... ရင်ပြည့်ရင်ကယ်တာတွေ ဖြစ်တတ်ပါတယ်... အိပ်လည်းငိုက်တတ်ပါတယ်... အစာမစားထားရင်လည်း ဗိုက်ဆာပြီးစာကျက်တဲ့ဆီမှာ အာရုံမရောက်တော့ပါဘူး....

နောက်တစ်ချက်အနေနဲ့ ရေနွေးကြမ်းနည်းနည်းလောက် သောက်ဖို့အကြံပြုချင်ပါတယ်.... သိပ္ပံနည်းကျလေ့လာချက်တွေအရ လက်ဘက်ခြောက်ဟာ မှတ်ဥာဏ်ကောင်းမွန်စေတဲ့ သဘာဝအထောက်အကူပစ္စည်းဖြစ်တယ်လို့ သိရပါတယ်... လက်ဘက်ရည်ကြမ်းမှာပါတဲ့ ဓာတ်တွေဟာ အာရုံကြောတွေကို ကောင်းမွန်စေပြီး ဦးနှောက်ဆဲလ်တွေကို သက်တမ်းပိုရှည်စေပါတယ်... ဒါကြောင့် မှတ်ဥာဏ်ကောင်းမွန်ဖို့ အထောက်အကူပြုတဲ့ လက်ဘက်ရည်ကြမ်းကိုလည်း သောက်ဖို့တိုက်တွန်းလိုပါတယ်...

အဆင့်(၂) သင်သမျှစာကို အသံသွင်းထားပါ
------------------------------------------------------------------
ဒီနည်းဟာ ဖတ်စာအုပ်တွေမရနိုင်တဲ့အခါမျိုး... စာသင်ခန်းထဲက သင်ကြားမှုကို အဓိကထားလေ့လာကျက်မှတ်ရမယ့်အချိန်မျိုးမှာ အသုံးဝင်ပါတယ်... အခုခေတ်မှာ ဖုန်းတစ်လုံးရှိရုံနဲ့ အလွယ်တကူအသံဖမ်းနိုင်တဲ့အတွက် ဆရာပြောသမျှအရာအားလုံးကို အချိန်မရွေး ပြန်နားထောင်နိုင်ပါတယ်... စာတစ်ပုဒ်ကို မှတ်မိချင်တယ်ဆိုရင် အဲ့ဒီစာကို ကိုယ်တိုင်ပြန်ဖတ်ပြီး အသံသွင်းထားပါ.. ပြီးရင် ပြန်နားထောင်ပေးပါ... အကြားအာရုံနဲ့ မှတ်သားတတ်သူတွေအတွက် ဒီနည်းလမ်းဟာ တကယ်ထိရောက်တဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်... ခက်ခဲတဲ့ နည်းလမ်းလည်း မဟုတ်တဲ့အတွက် သင်ခန်းစာအများအပြားကို မှတ်သားကျက်မှတ်နိုင်ဖို့ အထောက်အကူပြုနိုင်ပါလိမ့်မယ်...

အဆင့်(၃) အားလုံးကိုချရေးပါ
------------------------------------------------------------------
ဘာစာကိုမှ မကျက်မှတ်သေးခင်မှာ ကိုယ်ကျက်မှတ်မယ့် အချက်အလက်တွေကို အစအဆုံးချရေးဖို့လိုပါတယ်... ဒီနည်းလမ်းဟာ ကျက်ရမယ့် စာနဲ့ ပိုပြီးရင်းနီးလာစေပါတယ်.. အသံဖမ်းထားတာကို နားထောင်နေရင်းနဲ့ ချရေးမယ်ဆိုရင် ပိုပြီးများများမှတ်မိနိုင်ပါတယ်... ဒီလိုချရေးတဲ့နည်းလမ်းဟာ အတွေ့အကြုံနဲ့ မှတ်သားတတ်သူတွေအတွက် အသုံးအဝင်ဆုံး နည်းလမ်းလည်းဖြစ်ပါတယ်...

အဆင့်(၄) မှတ်စုကို အပိုင်းလိုက်ခွဲထားပါ
------------------------------------------------------------------
ကျက်မယ့်စာတွေကို မှတ်စုစာအုပ်တစ်အုပ်ထဲမှာ ချရေးပြီးပြီဆိုရင်တော့ အဲ့ဒီမှတ်စုကို အပိုင်းလိုက်ပြန်ခွဲပေးဖို့လိုပါမယ်... ဒီနည်းကတော့ အမြင်အာရုံနဲ့ လေ့လာတတ်သူတွေအတွက်ဖြစ်ပါတယ်... ကဏ္ဍတစ်ခုချင်းစီအလိုက် ကွဲပြားအောင် ရောင်စုံမှင်တွေသုံးပြီး အပိုင်းလိုက် ပိုင်းခြားပြထားရင် ပိုကောင်းပါတယ်... ဒီနည်းလမ်းနဲ့ တစ်ပိုင်းချင်းစီကို ဖတ်ရင်းသက်ဆိုင်ရာအကြောင်းအရာတွေကို ဦးနှောက်ထဲမှာ အပိုင်းလိုက်ခွဲပြီး စတင်နှိုင်းယှဉ်မှတ်သားမိလာပါလိမ့်မယ်...

အဆင့်(၅) အပိုင်းလိုက် ထပ်ခါထပ်ခါကျက်မှတ်ပါ
------------------------------------------------------------------
စာတစ်ကြောင်းချင်းစီကို ထပ်ခါထပ်ခါဖတ်ပြီး မကြည့်ဘဲ ပြန်စဉ်းစားကြည့်ပါ... တစ်ကြောင်းချင်းစီကို မှတ်မိပြီဆိုရင် အရင်မှတ်မိထားတာနဲ့ ပြန်ပေါင်းစဉ်းစားပါ...
ဒီနည်းနဲ့ အပိုင်းတစ်ပိုင်းလုံးကို လုံးဝမှတ်မိလာတဲ့အထိ ထပ်ခါထပ်ခါကျက်မှတ်ရပါမယ်... စိတ်ရှည်ဖို့တော့လိုပါတယ်... အစအဆုံး လုံးပြီးကျက်တာထက် ဒီနည်းက ပိုမြန်မြန်ရလွယ် မှတ်မိလွယ်ပါတယ်... စာတစ်ပိုင်းကို လုံးလုံးလျားလျားမှတ်မိတဲ့အခြေအနေအထိ မရောက်မချင်း နောက်တစ်ပိုင်းကို ဆက်မကူးပါနဲ့... ဒီနည်းဟာ အမြင်အာရုံနဲ့ မှတ်သားမှုနည်းလမ်းဖြစ်ပါတယ်... ဒါပေမဲ့ အသံထွက်ပြီးရွတ်ဆိုမယ်ဆိုရင်တော့ အကြားအာရုံနဲ့ပါ မှတ်သားပြီးသားဖြစ်သွားပါလိမ့်မယ်...

အဆင့်(၆) အလွတ်ပြန်ချရေးပါ
------------------------------------------------------------------
အပိုင်းအားလုံးကို မှတ်မိသွားပြီဆိုရင် အလွတ်ပြန်ချရေးကြည့်ရပါမယ်... ဒီနည်းကတော့ ကျက်မှတ်ထားသမျှကို လက်တွေ့မှတ်သားမှုနည်းလမ်းနဲ့ ထပ်အားဖြည့်ပေးတာပါပဲ...

အဆင့်(၇) ပြန်သင်ပေးပါ
------------------------------------------------------------------
ဒီနည်းလမ်းကတော့ တကယ့်ကို ထိရောက်ကောင်းမွန်တဲ့ မှတ်သားမှုနည်းလမ်း ဖြစ်ပါတယ်... ကိုယ်တိုင်လေ့လာမှတ်သားထားတဲ့ အရာတစ်ခုကို တခြားသူတွေကို ပြန်သင်လိုက်တဲ့အတွက် ပိုပြီးမှတ်မိလွယ်ပါတယ်... အဲ့ဒီလိုသင်တဲ့အခါမှာလည်း ပုံစံအမျိုးမျိုးနဲ့ သင်ပေးလို့ရပါတယ်... ကိုယ့်အတန်းဖော်တွေကို သင်ပေးနိုင်သလို ကိုယ့်ကိုယ်လည်း ပြန်သင်ပေးတာမျိုးလုပ်နိုင်ပါတယ်...

ပိုပြီးထိရောက်တဲ့နည်းလမ်းကတော့ မေးခွန်းထုတ်ကြည့်တာပါပဲ... ကိုယ်မှတ်သားနေတဲ့ အကြောင်းအရာနဲ့ပတ်သက်ပြီး မေးခွန်းပုံစံအမျိုးမျိုးနဲ့ ဘယ်လိုမေးနိုင်မလဲဆိုပြီး ထုတ်ကြည့်သင့်ပါတယ်... ဒီနည်းနဲ့ ဘယ်အချက်တွေကို ပိုအလေးပေး မှတ်သားသင့်တယ်ဆိုတဲ့ အတွေ့အကြုံကောင်းတွေလည်း ရနိုင်ပါလိမ့်မယ်... ဒီနည်းလမ်းဟာ လက်တွေ့မှတ်သားတဲ့နည်းထဲမှာ အကျုံးဝင်ပေမဲ့ အမြင်နဲ့ အကြားအာရုံမှတ်သားမှုတွေကိုလည်း အလျဉ်းသင့်သလို အသုံးပြုသွားနိုင်ပါတယ်...

အဆင့်(၈) အသံသွင်းထားတာတွေ ပြန်နားထောင်ပါ
------------------------------------------------------------------
ကားစီးနေချိန် ဒါမှမဟုတ် အဝတ်လျှော်နေချိန်လိုမျိုး စာကျက်ဖို့မဟုတ်တဲ့ နေရာနဲ့ အချိန်တွေမှာ အသံသွင်းထားတာတွေကို ပြန်နားထောင်ရပါမယ်... ဒီနည်းနဲ့ မှတ်သားမယ့်အချက်အလက်တွေကို ပိုပြီးစွဲထင်မှတ်မိစေပါတယ်... ဒီနည်းကတော့ အကြားအာရုံမှတ်သားမှုနည်းလမ်းထဲ အကျုံးဝင်ပါတယ်...

အဆင့်(၉) အနားယူပါ
------------------------------------------------------------------
နောက်ဆုံးအဆင့်ကတော့ စိတ်ကို အနားပေးတာပါပဲ... လက်ရှိကျက်မှတ်နေတဲ့အရာကို မစဉ်းစားဘဲ ခဏလောက်နေပြီးမှ ပြန်ကျက်မှတ်ပါ... ဒီနည်းအားဖြင့် သိပ်မမှတ်မိတဲ့ အကြောင်းအရာတွေကို သတိထားမိပြီး ထပ်ကျက်ဖို့လိုသေးတဲ့နေရာတွေမှာ ပိုအလေးပေးကျက်နိုင်ပါလိမ့်မယ်....

ပါဠိဘာသာ ရွတ်ဖတ်နည်း


ပါဠိဘာသာ ရွတ်ဖတ်နည်း
.
ရှေးဦးစွာအက္ခရာတို့ကိုသိထားရမည်။
အက္ခရာ(၄၁)လုံး
အ အာ ဣ ဤ ဥ ဦ ဧ သြ
က ခ ဂ ဃ င
စ ဆ ဇ ဈ ည
ဋ ဌ ဍ ဎ ဏ
တ ထ ဒ ဓ န
ပ ဖ ဗ ဘ မ
ယ ရ လ ဝ သ
ဟ ဠ အံ

သရ(၈)လုံး
အ အာ ဣ ဤ ဥ ဦ ဧ သြ

ဗျဉ်း(၃၃)လုံး
က ခ ဂ ဃ င
စ ဆ ဇ ဈ ည
ဋ ဌ ဍ ဎ ဏ
တ ထ ဒ ဓ န
ပ ဖ ဗ ဘ မ
ယ ရ လ ဝ သ
ဟ ဠ အံ
သရ(၈)လုံး နှင့် ဗျဉ်း (၃၃) လုံး ပေါင်းလျှင် အက္ခရာ(၄၁) လုံးပင်ဖြစ်၏။

၁။ အက္ခရာတစ်လုံးတည်းဖြစ်လျှင် (က.ဂ)အသတ်များသည်(အက်)ဟု အသံထွက်၏။
(အပေါ်စာလုံးကို အသတ်ဟုမှတ်ထား၍ အသံမထွက်ရ၊ အောက်စာလုံးကိုသာ အသံထွက်ရမည်။)
စက္က (စက်က)
ဝိတက္ကော (ဝိတက်ကော)
မဂ္ဂ (မက်ဂ)
သဂ္ဂ (သက်ဂ)

၂။ အက္ခရာတစ်လုံးတည်းဖြစ်လျှင် (စ.ဇ) အသတ်များသည်(အစ်) ဟု အသံထွက်၏။
ပစ္စ (ပစ်စ)
သစ္စ (သစ်စ)
အဇ္ဇ (အစ်ဇ)

၃။ အက္ခရာတစ်လုံးတည်းဖြစ်လျှင် (င.ဉ) အသတ်များသည် (အင်) ဟု အသံထွက်၏။
အင်္ဂ (အင်ဂ)
အလင်္ကာ (အလင်ကာ)
မင်္ဂလာ (မင်ဂလာ)
ပဉ္စ (ပင်စ)
အညမည (အင်ညမင်ည)

၎။ အက္ခရာတစ်လုံးတည်းဖြစ်လျှင် (ဏ.န.မ.လ.) အသတ် များ သည် (အန်) ဟု အသံထွက်၏။
ကဏ္ဍ (ကန်ဍ)
အန္တ (အန်တ)
ဓမ္မ (ဓမ်မ)
ပလ္လင်္ဂ (ပန်လင်ဂ)

၅။ အက္ခရာတစ်လုံးတည်းဖြစ်လျှင် (ဋ.ဍ.တ.ဒ.ပ.ဗ.သ)အသတ်များ သည် (အတ်) ဟု အသံထွက်၏။
ဝဋ္ဋ (ဝတ်ဋ)
ဒဍ္ဎေုာ (ဒတ်ဎော)
ကတ္တု (ကတ်တု)
ဗဒ္ဓ (ဗတ်ဓ)
ပဗ္ဗတ (ပတ်ဗတ)
သပ္ပေါ (သပ်ပေါ)
ဒဿန (ဒတ်သန)

၆။ ဣ သရ နှင့် ဥ သရ ပါရာ၌ (က.ဂ.ဇ.စ)တို့ကို(တ)သတ်အသံဖြင့်ဖတ်ရမည်။
ဘိက္ခု (ဘိတ်ခု)
ဝိဇ္ဇာ (ဝိတ်ဇာ)
ကိစ္စ (ကိတ်စ)
သိက္ခာ (သိတ်ခါ)
ဥဂ္ဂ (အုတ်ဂ)
ဒုက္ခ (ဒုတ်ခ)
ဥစ္စာ (အုတ်စာ)

မှတ်ချက်/ပါဠိ၌ ဗျဉ်း နှင့် သရတွဲရာတွင် ဣ သရသည် မြန်မာ၌လုံးကြီးတင်၊
ဤ သရသည် လုံးကြီးတင်ဆံခတ်၊ ဥသရသည် တစ်ချောင်းငင်၊ ဦသရသည် နှစ်ချောင်းငင်၊
သြ သရသည် သဝေထိုး ရေးချ၊ ဧ သရသည် သဝေထိုး-ဟူ၍ အသီးသီးဖြစ်ကြ၏။

၇။ ဣ သရပါလျှင် (ဋ.ဍ.တ.ဒ.ပ.ဗ.သ) အသတ်များသည် (အိတ်) ဟု အသံထွက်၏။
ကိဋ (ကိတ်ဌ)
ကိတ္တ (ကိတ်တ)
ဣဒ္ဓိ (အိတ်ဓိ)
သိပ္ပ (သိပ်ပ)
ကိဗ္ဗိသ (ကိတ်ဗိသ)
ဒိဿတိ (ဒိတ်သတိ)

၈။ ဥ သရပါလျှင် (ဋ.ဍ.တ.ဒ.ပ.ဗ.သ) အသတ်များသည် (အုတ်) ဟုအသံထွက်၏။
တုဋ္ဌိ (တုတ်ဌိ)
ဝုဍ္ဎို (ဝုတ်ဎိ)
ပုတ္တ (ပုတ်တ)
ဗုဒ္ဓ (ဗုတ်ဓ)
ကုပ္ပ (ကုပ်ပ)
ဒုဗ္ဗလ (ဒုတ်ဗလ)
ဒုဿ (ဒုတ်သ)

၉။ ဧ သရကို နငယ်ဖြင့် သတ်လျှင် (အင်) ဟုအသံထွက်၏။
ဧန္တု (အင်တု)
မေန္တု (မင်တု)
သေန္တိ (သင်တိ)

၁ဝ။ ဧ သရကို နငယ်မှတစ်ပါး ကျန်အသတ်များသည် (အစ်) ဟု အသံထွက်၏။
ဧတ္ထ (အစ်ထ)
ခေတ္တ (ခစ်တ)
မေတ္တ (မစ်တ)
ပေစ္စ (ပစ်စ)
ဇေဋ္ဌ (ဇစ်ဌ)
ဖေဂ္ဂု (ဖစ်ဂု)


၁၁။ သြ သရပါလျှင် (က.ဂ.သ) အသတ်သည်(အောက်)ဟုအသံထွက်၏။
သြက္ကာက (အောက်ကာက)
မောက္ခ (မောက်ခ)
ယောဂ္ဂ (ယောက်ဂ)
ဝေါဿ (ဝေါက်သ)


၁၂။ သြ သရပါလျှင် (ဉ.ဏ.န.မ) အသတ်များသည် (အွန်) ဟုဝဆွဲ အသံဖြင့် အသံထွက်ရမည်။
ကောဉ္စ (ကွန်စ)
ကောဏ္ဍည (ကွန်ဍင်ည)
သောဏ္ဏ (သွန်ဏ)
ဟောန္တု (ဟွန်တု)
သောမ္မ (သွန်မ)

၁၃။ သြ သရပါလျှင် (ဉ.ဏ.န.မ) အသတ်များမှတပါး ကျန်အသတ်များကို
(အွတ်) ဟုဝဆွဲအသံဖြင့် အသံထွက်ရမည်။
ပါမောဇ္ဇ (ပါမွတ်ဇ)
ပေါတ္ထက (ပွတ်ထက)
ဖောဋ္ဌဗ္ဗ (ဖွတ်ဌပ်ဗ)
ယောဗ္ဗန (ယွတ်ဗန)
သောတ္ထိ (သွတ်ထိ)


၁၄။ ဤ သရပါလျှင် (င.ဉ.ဏ.န.မ) အသတ်များနှင့် သေးသေးတင်သည်
(အိန်) ဟုအသံထွက်ရမည်။
လိင်္ဂ (လိန်ဂ)
ကိဉ္စိ (ကိန်စိ)
ဣန္ဒက (အိန်ဒက)
ဝိန္ဒတိ (ဝိန်ဒတိ)
ကိံ (ကိန်)

၁၅။ ဥ သရပါလျှင် (င.ဉ.ဏ.န.မ) အသတ်များသည် (အုန်) ဟု အသံထွက်၏။
ဥင်္ဂ (အုန်ဂ)
ဘုဉ္ဇ (ဘုန်ဇ)
ဥဏ္ဏာယ (အုန်ဏာယ)
ကုန္တ (ကုန်တ)
ဘုမ္မ (ဘုန်မ)

၁၆။ ဧ သရပါလျှင် (ဉ) အသတ်သည် (အင်) ဟု အသံထွက်၏။
အာနေဉ္ဇ (အာနင်ဇ)

၁၇။ ဣ သရ နှင့် ဥ သရပါလျှင် (ယ.လ) အသတ်များကို (န) အသတ် အသံဖြင့် ဖတ်ရမည်။
ဘိယျော (ဘိန်ယော)
ယေဘုယျ (ယေဘုန်ယ)
ဝေပုလ္လ (ဝေပုန်လ)

၁၈။ ''ဝ''ဗျဉ်း နှင့် အခြားဗျဉ်း တွဲရာ၌ ထွက်ရမည့်အသံများ
တ+ဝ=တွ (ကတွာ-ကတ်တဝါ)
ဒ+ဝ=သွ (ဒိသွာ-ဒိတ်သဝါ)
တ+ဝ=တွ (ဂဟေတွာ-ဂဟစ်တဝါ)

ကျန်သောဗျဉ်းများတွဲရာ၌ မြန်မာအသံအတိုင်းဖြစ်သည်။

၁၉။ ''ရ''ဗျဉ်း နှင့် အခြားဗျဉ်း တွဲရာ၌ ထွက်ရမည့်အသံများ
က+ရ=ကြ (စကြ-စက်ကြ)
တ+ရ=တြ (အတြ-အတ်တရ)
ဒ+ရ=ဒြ (ဣန္ဒြိယ-အိန်ဒရိယ)
ဗ+ရ=ဗြ (ဗြဟ္မာ-ဗြန်မာ)

၂ဝ။ ''ဟ''ဗျဉ်း နှင့် အခြားဗျဉ်းတွဲရာ၌ ထွက်ရမည့်အသံများ
ဉ+ဟ=ဥှ (ပဥှ-ပင်ညှ)
ဏ+ဟ=ဏှ (ပုဗ္ဗဏှ-ပုပ်ဗန်ဏှ)
န+ဟ=နှ (နှာန-နဟာန)
မ+ဟ=မှ (အမှ-အမ်မှ ၊ တုမှ-တုမ်မှ)
ယ+ဟ=ယှ (ပဂ္ဂယှ-ပက်ကယ်ယှ)
ဝ+ဟ=ဝှာ (ဇိဝှါ-ဇိန်ဝှါ)
ဠ+ဟ=ဠှ (ရုဠှီ-ရုံလှီ)

မှတ်ရန်/ ဥှ.ဏှ.နှ.မှ.ယှ.ဠှ ပါဌ်ဆင့်များ၌ ဥှ.ဏှ.နှ.မှ.ယှ.ဠှတို့သည် တစ်လုံးတည်းသာဖြစ်သော်လည်း နှစ်လုံးဆင့်ကဲ့သို့ဖြစ်၍ တစ်လုံးကို အသတ်သံ
ထွက်၍ တစ်လုံးကို ဟထိုးသံထွက်ရသည်။

ဤတွင်ပါဠိဖတ်နည်းပြီးပြီ။

တိပိဋကမြန်မာပြန်

TEACHER

TEACHER
----------------
ဆရာဆိုတာ အင်္ဂလိပ်လိုခေါ်ရင်( Teacher ) ဆိုတာတော့ အားလုံးသိပြီးဖြစ်မှာပါ။

ဒါပေမယ့် တကယ်တော့( Teacher )ဆိုတဲ့ ထို စာလုံးဖြစ်လာတာဟာ စာလုံးများစွာရဲ့ အစ စကားလုံးလေးတွေ ပေါင်းထားတာပါ လို့ ဆို ပါတယ် ။

T = teaching

E = education

A = active

C = clever

H = honest

E = expert

R = research minded

အဲဒီအချက်တွေထဲက တစ်ချက်တလေကျန်ခဲ့ရင် Teacher ဖြစ်မှာမဟုတ်တော့ပါ။ ဒါကြောင့် စာလုံးတစ်လုံးစီကို အကျယ်ဖွင့်ကြည့်ကြပါစို့။

,
Teaching(ပညာသင်ကြားပေးခြင်း)
========================

ဆရာဆိုတာ တစ်စုံတစ်ခုကို တတ်မြောက်အောင်သင်ကြားပေးသူလို့ အလွယ်တကူ အဓိပ္ပာယ်ဖွင့်လို့ရပါတယ်။ မြန်မာ့ယဉ်ကျေုးမှုအရတော့ ၁။ သင်ဆရာ ၂။ မြင်ဆရာ ၃။ ကြားဆရာ ဆိုပြီး ဆရာသုံးမျိုးပြန်ခွဲထားပါတယ်။ ဘာပဲဖြစ်ဖြစ် ဆရာလို့ခေါ်ခံရဖို့ သူတပါးကို တစ်ခုခုတော့ လမ်းညွှန်သင်ကြားပေးသူတော့ ဖြစ်ဖို့လိုတာသေချာပါတယ်။

.
Education(ပညာတတ်မြောက်ခြင်း)
=========================

ဆရာတစ်ယောက်ဟာ ထိုက်သင့်တဲ့ပညာကိုတော့ တတ်မြောက်ထားဖို့လိုပါတယ်။ ဘာကြောင့်လဲဆိုရင် ဆရာတော်မှ တပည့်တတ်မှာဖြစ်လို့ပါ။ ဆရာကို၌က Educated ပညာတတ်ပုဂ္ဂိုလ်ဖြစ်မှ တပည့်တွေရဲ့ လေးစား အားကျခြင်းကို ရနိုင်မှာဖြစ်တဲ့အပြင် သူတို့ကိုအလွယ်တကူ လမ်းညွှန်နိုင်မှာဖြစ်ပါတယ်။

Active(တက်ကြွမှုရှိခြင်း)
=================

ဆရာတွေဆိုတာ ကျောင်းသားတွေရဲ့ရှေ့ဆောင်ပုဂ္ဂိုလ်တွေဖြစ်ပါတယ်။ ဒီပုဂ္ဂိုလ်တွေဟာ ထက်မြက်တက်ကြွမှု အပြည့်ရှိဖို့လိုပါတယ်။ တက်ကြွတဲ့ဆရာရဲ့လမ်းညွှန်မှုအောက်ကတပည့်တွေဟာစိတ်ဓာတ်ရော၊ ယုံကြည်မှုပါ မြင့်မားကြတာမို့ ပညာရေးရည်မှန်းချက်ကို ပီပီပြင်ပြင်ဖော်ဆောင်နိုင်မှာဖြစ်ပါတယ်။ ကျောင်းသားဆိုတာ ဆရာရဲ့အရိပ်အခြေကို အမြဲအကဲခတ်နေကြတာမို့ ဆရာလုပ်သူက လေးလံထိုင်းမှိုင်းနေတာကိုမြင်ရင် သူတို့ကပိုပြီး ပျင်းရိဖင့်နွှဲကြပါလိမ့်မယ်။ ဒါကြောင့် တက်ကြွမှုရှိရမယ်ဆိုတဲ့ အရည်အသွေးဟာဆရာတစ်ယောက် အတွက် အရေးအကြီးဆုံး အရည်အသွေးဖြစ်ပါတယ်။

Clever( လိမ္မာ ပါးနပ်မှုရှိခြင်း)
================

ဆရာဆိုတာ ကျောင်းသားတွေထက် အပြန်တစ်ရာတစ်ထောင်မက ပါးနပ်ဖို့လိုပါတယ်။ ကျောင်းသားတစ် ယောက်ရဲ့ မျက်နှာအမူအယာကို တစ်ချက်အကဲခတ်ရုံနဲ့ကျောင်းသားရဲ့အတွင်းစိတ်ကိုသိဖို့လိုအပ်ပါတယ်။ ကျောင်းသားတစ်ယောက်ဘာလိုချင်တယ်၊ ဘာဖြစ်နေတယ်ဆိုတာကို အလွယ်တကူသိနေလေ့ရှိတဲ့ ဆရာ တစ်ယောက်ရဲ့ဦးဆောင်မှုအောက်မှာ ကျောင်းသားတိုင်းဟာ ပျော်ပျော်ကြီးကြိုးစားကြပါလိမ့်မယ်။ ပါးရည်နပ်ရည်ရှိခြင်းဆိုတဲ့ဂုဏ်ရည်ဟာ မွေးရာပါအရည်အသွေးမဟုတ်ပါ။ အာရုံစိုက်မှု၊ လေ့လာမှုတို့ရဲ့ အသီးအပွင့်ပါ။ ဒါကြောင့် ဆရာကောင်းတစ်ယောက်ဖြစ်ချင်ရင်တော့ ကျောင်းသားတွေရဲ့ အမူအကျင့်တွေ၊ မျက်နှာအမူအယာတွေ၊ သင်္ကေတတွေကို အမြဲလေ့လာမှတ်သားပြီး ပါးနပ်မှုရှိလာအောင် လေ့ကျင့်ယူရပါ လိမ့်မယ်။

Honest(ရိုးသားခြင်း)
===============

ဆရာကောင်းဖြစ်ချင်ရင်တော့ ရိုးသားရပါလိမ့်မယ်။ ရိုးသားခြင်းနဲ့ ညံ့ဖျင်းခြင်းဟာ ပြဒါးတစ်လမ်း၊ သံတစ်လမ်းပါ။ ဆရာလုပ်ပြီးရိုးနေရင် ခံသွားရမယ်ဆိုတဲ့ ခပ်ညံ့ညံ့အတွေးမျိုးတွေ မတွေးမိပါစေနဲ့။ ပါးပါးနပ်နပ်ရှိပြီး ရိုးသားတဲ့ဆရာကို ကျောင်းသားတိုင်းချစ်ကြပါတယ်။ ရိုးသားချင်ရင်တော့ ဟန်ဆောင်မှုကင်းရပါလိမ့်မယ်။ ဆရာတစ်ယောက်ဟာ အရာရာကို မသိနိုင်ဘူးဆိုတာ ကျောင်းသားတိုင်းနားလည်ကြပါတယ်။ သင်ခန်းစာတစ်ခု ကို ရှင်းပြနေရင်း ကိုယ်တိုင်မျက်စိလည်နေပြီဆိုရင် အကောင်းဆုံးကတော့ဆရာမျက်စိလည်နေပြီဟေ့လို့ ၀န်ခံလိုက်တာပါပဲ။ အဲဒီလိုဝန်ခံရင် ကျောင်းသားတွေအထင်သေးလိမ့်မယ်ဆိုတဲ့ အတွေးဟာမှားပါတယ်။ ကျောင်းသားတွေရဲ့စိတ်ထဲမှာ သူတို့ဆရာရဲ့ရိုးသားမှုကို အသိအမှတ်ပြုသွားပြီး ပိုလို့တောင်လေးစားလာပါ ဦးမယ်။ အဲဒီလိုမဟုတ်ပဲ ရချင်ယောင်ဆောင်ပြီး အတင်းရှင်းပြနေရင်တော့ ကျောင်းသားက ဆရာရဲ့မရိုးသားတဲ့ အတ္တကို အထင်သေးပါလိမ့်မယ်။ အဲဒီဥပမာကို လက်ကိုင်ထားပြီး တပည့်တွေနဲ့ဆက်ဆံတဲ့နေရာမှာ ဆရာတစ်ယောက်ဟာ အတတ်နိုင်ဆုံးရိုးသားဖို့လိုအပ်ပါတယ်။

Expert(ကျွမ်းကျင်တတ်မြောက်ခြင်း)
=========================

ဆရာကောင်းတစ်ယောက်ဟာ သက်ဆိုင်ရာနယ်ပယ်မှာ ကျွမ်းကျင်တဲ့ပညာရှင်ဖြစ်ဖို့လိုပါတယ်။ ကျွမ်းကျင် တတ်မြောက်မှုအပြည့်ရှိတဲ့ ဆရာကို ကျောင်းသားတိုင်းက လေးစားကြတာမို့ အထူးတလည်အားစိုက်စရာမလိုပဲ ကျောင်းသားတွေကို စည်းရုံးပြီးဖြစ်သွားပါတယ်။ ကျောင်းသားဆိုတာ ဆရာရဲ့ကျွမ်းကျင်မှုကို ဂုဏ်ယူဝင့်ကြွား ချင်ကြသူတွေချည်းမို့ ကိုယ်တိုင်က ကျွမ်းကျင်တတ်မြောက်ခြင်းဟာ ဆရာကောင်းတစ်ယောက်က ကျောင်းသား တွေကို ပေးနိုင်တဲ့ အကောင်းဆုံးလက်ဆောင်ပါ။

Research minded(သုတေသနပြုတတ်သောစိတ်ထားရှိခြင်း) ==========================================

ဆရာဆိုတာ ပညာရေးလောကရဲ့ခေါင်းဆောင်ပါ။ တိုးတက်တဲ့အမြင်တွေရှိတဲ့ ခေါင်းဆောင်ကိုပဲ နောက်လိုက် တွေက လေးစားကြတာလောကသဘာဝပါ။ ဒါကြောင့်ဆရာကောင်းတစ်ယောက်ဖြစ်ချင်ရင်တော့ တိုးတက်တဲ့ အမြင်တွေရှိဖို့လိုပါတယ်။ ငါတို့ငယ်ငယ်ကလည်း ဒီလိုပဲလုပ်ခဲ့ရတာပဲဆိုတဲ့ စကားတစ်လုံးလက်ကိုင်ထားပြီး ကျောင်းသားတွေကို အတင်းတွန်းနေရင်တော့ ကျောင်းသားတွေရဲ့စိတ်ပျက်စိတ်ကုန်ခြင်းကလွဲလို့ ဘာမှရမှာ မဟုတ်ပါ။ ပြောင်းလဲလာတဲ့ ခေတ်နဲ့လောကကို ဆရာလုပ်သူဆိုတာ အမှန်အတိုင်းမြင်ဖို့လိုပါတယ်။ လွယ်လွယ် ပြောရရင်တော့ ဆရာဆိုတာ ကျောင်းသားထက်ခေတ်မီဖို့လိုတယ်လို့ ဆိုလိုတာပါ။ လူငယ်တွေဆိုတာ ခေတ်မီတာ၊ ဆန်းသစ်တာကို အမြဲလိုချင်နေကြတာဖြစ်လို့ သူတို့ထက်ပိုပြီးတိုးတက်တဲ့ ခေတ်အမြင်၊ ခေတ်အတွေးရှိတဲ့ဆရာကို မြတ်နိုးလေးစားကြမှာ မလွဲပါ။ အထက်က အချက်တွေနဲ့အားလုံးပြည့်စုံအောင် ကြိုးစားနိုင်ပါမှ Teacher ဆိုတဲ့ဆရာတစ်ယောက် ဖြစ်ပါ လိမ့်မယ်။ Teaching ပညာသင်ကြားပေးခြင်း တစ်ခုထဲနဲ့တော့ ကိုယ့်ကိုယ်ကို ဆရာဖြစ်ပြီလို့ ပြောလို့ မရတော့ပါ။ အနန္တဂိုဏ်းလဲဝင်မှာ မဟုတ်ပါ။ ဒါကြောင့် ဆရာတစ်ယောက် ပီပီပြင်ပြင် ဖြစ်ရလေအောင် အထက်ပါ အချက်တွေနဲ့ ပြည့်အောင်ကြိုးစားပြီး ကျောင်းသားတွေအတွက် ဘ၀ရဲ့လမ်းပြကြယ်တွေအဖြစ် အကောင်းဆုံး ထွန်းလင်းပေးကြပါစို့လား။