ဘယ်ပန်းချီရေးလို့ မမီ
(ချမ်းငြိမ်းဖြူ)
နိုင်ငံတကာ၏ အမေများနေ့ တစ်ဖန်ကျရောက်လို့ လာပြန်ပြီ။ နှစ်စဉ်မေလ၏ ဒုတိယ တနင်္ဂနွေနေ့ကို နိုင်ငံအများစုက Mother’s Day ဟု သတ်မှတ်ထားရာ ယခုနှစ်အဖို့ မေလ ၁၀ ရက်နေ့သည် Mother’s Day ဖြစ်သည်။ မိမိ၏ ရင်သွေးငယ်အတွက် အစစအရာရာ အနစ်နာခံကာ ပြုစုစောင့်ရှောက်ပြီး လူလားမြောက်အောင် ကျွေးမွေးခဲ့သော မိခင်များကို ဂုဏ်ပြုသောအားဖြင့် ကမ္ဘာတစ်ဝန်း သတ်မှတ်ထားသည့် နေ့ထူးနေ့မြတ်တစ်ရက် ဖြစ်သည်။
မြန်မာနိုင်ငံအတွက် အမေနေ့ (ပြာသိုလပြည့်နေ့) ဟူသည်ကိုမူ ယင်းနေ့ဖြစ်ပေါ်လာစေသူ စာရေးဆရာ၊ ဒါရိုက်တာ ဦးသုခက “အမေဟူရာ၌ ဥစ္စာဓန ပေါများခြင်း၊ ဆင်းရဲခြင်း၊ ဂုဏ်ရှိခြင်း၊ ဂုဏ်မဲ့ခြင်း၊ အမျိုးမြတ်ခြင်း၊ အမျိုးနိမ့်ခြင်း၊ ပညာရှိခြင်း၊ ပညာမဲ့ခြင်း၊ ရုပ်ရည်တင့်တယ်ခြင်း၊ ရုပ်ရည်မတင့်တယ်ခြင်း၊ ကိုယ်ကျင့်တရား ပြည့်ဝခြင်း၊ ကိုယ်ကျင့်တရားချို့ငဲ့ခြင်း၊ ကျန်းမာခြင်း၊ မကျန်းမာခြင်း၊ မိခင်တို့၏ ဝတ္တရား ကျေပွန်ခြင်း၊ မိခင်တို့၏ ဝတ္တရား ပျက်ကွက်ခြင်း စသည်တို့သည်ကား ပဓာနမဟုတ်၊ အမေသည် အမေသာဖြစ်၏” ဟူသော အနှစ်သာရကိုသာ ကြည်ညိုရမည် ဖြစ်သည်ဟု ဆိုခဲ့သည်။
အမေဟူသည်သူ၏ ရင်သွေးကို ဝမ်းကြာတိုက်ထဲတွင် ကိုးလခန့်လွယ်ကာ ပဋိသန္ဓေတည်ရသည့် ဒုက္ခကို မိခင်မေတ္တာဖြင့် ရင်ဆိုင်ခဲ့သူဖြစ်သည်။ ရင်သွေးငယ်ကို ကလလရေကြည် သန္ဓေတည်ချိန်မှစ၍ အရွယ်ကြီးရင့်သည့်တိုင် မပြောင်းလဲသော မေတ္တာတရားဖြင့် အေးမြရိပ်ကို ပေးမြဲဖြစ်သည်။ ထိုကဲ့သို့သော မိခင်မေတ္တာတရားကို ဘယ်အရာနှင့်မှ နှိုင်းယှဉ်၍ မရနိုင်ပေ။
“အမေတွေဟာ သားသမီးနဲ့ ပတ်သက်လာရင် နူးညံ့စွာ ချစ်တတ်သလောက် သားသမီးအရေး ကြုံလာရင်လည်း ကြောက်စရာ ကောင်းလောက်အောင် သတ္တိတွေ ထွက်လာတတ်ကြတယ်” ဟု သားသမီးများအပေါ် ထားရှိသည့် မိခင်မေတ္တာ ကြီးမားပုံနှင့် အံ့သြစရာ ကောင်းလှသည့် မိခင်၏ သတ္တိများကို သမီးတစ်ဦး၏ မိခင် မချစ်စန္ဒီက ပြောပြသည်။
ထိုကဲ့သို့ မိမိရင်သွေး အန္တရာယ်ကင်းစွာ လူလားမြောက်စေရန်အတွက် မေတ္တာတရားဖြင့် ထိန်းကွပ်ပေးကာ လိုအပ်ပါက မိမိ၏ အသက်ကိုပင် စွန့်ရန် ဝန်မလေးကြသည့် မိခင်များအတွက် မိခင်နေ့ဆိုကာ သီးသန့်နေ့ရက်တစ်ရက် ပေါ်ထွက်လာခဲ့သည်။
အမေရိကန်ပြည်ထောင်စုတွင် ၁၉၀၈ ခုနှစ်က Anna Jarvis ဆိုသူ အမျိုးသမီးသည် သူ၏ မိခင်ကို သတိတရ လွမ်းဆွတ်သောအားဖြင့် မိခင်များနေ့ကို စတင်ကျင်းပခဲ့သူ ဖြစ်သည်။ Anna Jarvis သည် အမေများနေ့ကို နိုင်ငံတော်အားလပ်ရက် ဖြစ်စေရန်အတွက် သူ၏မိခင် ကွယ်လွန်ခဲ့သည့် ၁၉၀၅ ခုနှစ် ကတည်းက ကြိုးပမ်းခဲ့သည်။ Anna Jarvis ၏ ကြိုးပမ်းမှုမှာ အမေရိကန် တောင်ပိုင်းနှင့်မြောက်ပိုင်း ပြည်တွင်းစစ် ဖြစ်နေချိန်ဝယ် နှစ်ဖက်စလုံးမှ ဒဏ်ရာရ စစ်သားများကို ပြုစုကုသပေးပြီး Mother's Day Work Clubs များ ထူထောင်ကာ ပြည်သူလူထု ကျန်းမာရေးအတွက် လှုပ်ရှားခဲ့ခြင်းဖြစ်သည်။
Anna Jarvis ၏ ကြိုးပမ်းမှုကြောင့် အမေများနေ့ကို တရားဝင် ကျင်းပနိုင်ခဲ့သည်။ ယခုအခါ ကမ္ဘာတစ်ဝန်းတွင် အမေများနေ့ကို ကျင်းပနေကြသော်လည်း သတ်မှတ်ရက်များတော့ မတူကြပေ။ သို့ရာတွင် နိုင်ငံအများစုသည် မေလ ဒုတိယပတ် တနင်္ဂနွေနေ့ကို အမေများနေ့အဖြစ် သတ်မှတ်ကျင်းပကြသည်။
“ဘယ်နေ့မှတော့ လွယ်လွယ်ကူကူ ဖြစ်မလာကြပါဘူး။ အမေနေ့ဆို ၁၉၀၈ ခုနှစ် မေလ ၁၀ ရက်တုန်းက ဖီလာဒဲလ်ဖီးယားပြည်နယ်မှာ စတင်ကျင်းပခဲ့တာ။ ဒါပေမဲ့ တစ်ကမ္ဘာလုံးအနှံ့ ပျံ့နှံ့ဖို့ကတော့ နှစ် ၁၀၀ ကျော်အောင် ကြာခဲ့တယ်” ဟု စာရေးဆရာ လူသာမန်က ပြောပြသည်။
မြန်မာနိုင်ငံတွင်လည်း အမေများနေ့ကို ပြာသိုလပြည့်နေ့အဖြစ် သတ်မှတ်ခဲ့သည်။ မြန်မာနိုင်ငံတွင် အမေများနေ့ကို စတင်အသက်သွင်းခဲ့သူမှာ စာရေးဆရာ၊ ဒါရိုက်တာ ဦးသုခ ဖြစ်သည်။
“ဆရာကြီးဦးသုခက ၁၉၇၀ ပြည့် မတ်လ ၂၀ ရက်နေ့ထုတ် လုပ်သားသတင်းစာမှာ ထိုတစ်နေ့ဆိုတဲ့ ဆောင်းပါးရေးပြီး အမေနေ့ကျင်းပဖို့ လှုံ့ဆော်ခဲ့တယ်။ ဆရာကြီး ပြောခဲ့တာလေး ရှိတယ်။ ‘မြန်မာ့ရာသီဥတု တွေထဲမှာ အအေးဆုံး၊ အကြည်လင်ဆုံး၊ အသာယာဆုံးလဟာ ပြာသိုလပဲ။ အဲဒီလရဲ့ နေ့တစ်နေ့ကို အမေနေ့လို့ သတ်မှတ်ပြီး အမေအကြောင်း ဝတ္ထု၊ ဆောင်းပါး၊ ကဗျာ၊ သီချင်း စတဲ့ ပြိုင်ပွဲလေးတွေ လုပ်ချင်တယ်။ ကိုယ့်အမေကို အမှတ်တရ လက်ဆောင်တွေပေး၊ ဝတ်ကြီးဝတ်ငယ်တွေပါ ပြုလုပ်ပေးတဲ့ အခမ်းအနားမျိုး လုပ်ပေးချင်တယ်ကွာ’ တဲ့” ဟု စာရေးဆရာ လူသာမန်က ဆိုသည်။
မြန်မာနိုင်ငံတွင် အမေများနေ့ကို ၁၉၉၇ ခုနှစ် ဇန်နဝါရီလ ၂၃ ရက်နေ့တွင် မန္တလေးရှိ သာသနာ့ဗိမာန်တော်ကြီး၌ ပထမဆုံးအကြိမ်အဖြစ် စတင် ကျင်းပခဲ့ကြောင်းလည်း ၎င်းက ပြောပြသည်။
ယခုနောက်ပိုင်းတွင် မြန်မာနိုင်ငံ၌ စီးပွားရေးလုပ်ငန်း အချို့က အမေများနေ့ အထိမ်းအမှတ်ဆိုကာ အရောင်းမြှင့်တင်ပွဲများ၊ ဈေးလျှော့ရောင်းချခြင်းများ ကျင်းပနေကြသည်ကို တွေ့မြင်ရပေသည်။
“အမေဆိုတာ ကိုယ်ကြီးပြင်းရှင်သန်ရာ လမ်းတစ်လျှောက်မှာ ကိုယ့်ကိုဖေးမသူ၊ အားပေးသူ၊ ပြုစုပျိုးထောင်သူ၊ သွန်သင်လမ်းညွှန်သူလို့ အဓိပ္ပာယ် ဖွင့်ချင်တယ်။ ကျွန်မဆိုရင် အမေဆုံးတာ ၁၆ နှစ် ရှိတော့မယ်။ အမေရှိတုန်းကလည်း အမေများနေ့ဆိုပြီး အမေ့အတွက် ကျင်းပပေးတာမျိုး မရှိခဲ့ဖူးဘူး။ အဲဒီတုန်းက အမေများနေ့ ရှိမှန်းတောင် မသိပါဘူး။ ခုချိန်မှာတော့ စားသောက်ဆိုင်တွေ၊ ကုန်တိုက်တွေမှာ ရောင်းနေ၊ ဈေးလျှော့နေ၊ ကျင်းပဖို့အတွက် ပြင်ဆင်နေတာကိုတွေ့ရင် အမေ့ကို အရမ်းသတိရတယ်” ဟု စာရေးဆရာမ နိုင်းနိုင်းစနေက အမေနှင့် ပတ်သက်၍ ဆိုသည်။
မိသားစု စုံစုံလင်လင် ရှိနေသည့် မိသားစုများကို တွေ့လျှင် အားကျကြောင်း၊ သူတို့အစား ဝမ်းသာကြောင်းနှင့် မိဘရှိတုန်း မိဘကျေးဇူး ပိုမြင်လာကြစေရန် အမေများနေ့ ရောက်ခါနီးတိုင်း အမေနှင့် ပတ်သက်သည့်စာများ ပိုမို ရေးဖြစ်ကြောင်းကိုလည်း ၎င်းက ပြောပြသည်။
မိခင်ဟူသည် သားသမီးများအတွက် လုံခြုံနွေးထွေးဆုံးသော ခိုလှုံရာတစ်ခု ဖြစ်သည်။ သားသမီးများ အောင်မြင်သည်ဖြစ်စေ၊ ရှုံးနိမ့်မှုနှင့် ကြုံတွေ့ရသည်ဖြစ်စေ မိခင်ရင်ခွင်သည်သာ အနွေးထွေးဆုံး ဖြစ်ကြောင်းကိုလည်း မချစ်စန္ဒီက “မေမေနဲ့ အမှတ်တရဆိုရင် စိတ်ဓာတ်ခွန်အားပေးတာပဲ။ လောကဓံကို ကြောက်ရင် ငိုရင် နှစ်ခါရှုံးတယ်တဲ့။ ဒီဘဝက ကိုယ်ကိုယ်တိုင် ကြိုးစားရမယ်၊ လောကဓံကို ရင်ဆိုင်ရဲရမယ်ဆိုတာ မေမေသင်ပေးတဲ့ အကောင်းဆုံးအရာတွေပဲ” ဟု ဆိုသည်။
သားသမီးများအတွက် ကြီးမားသော မေတ္တာတရားဖြင့် အမြဲရှိနေတတ်သည့် မိခင်များကို ဂုဏ်ပြု လေးစားသောအားဖြင့် အမေများနေ့ကို သတ်မှတ်ထားခဲ့လင့်ကစား မိခင်မေတ္တာကို ဖော်ကျူးသည့် ထူးထူးခြားခြားပွဲမျိုး ကျင်းပသည်ကိုတော့ မတွေ့ရှိရသေးပေ။
“မိဘကို မှတ်မှတ်ရရ တန်ဖိုးထားမှုပြတယ် ဆိုတာ သိပ်ကောင်းတဲ့ ကိစ္စတစ်ခုပါ။ ၃၆၅ ရက်မှာ အမေ့အတွက်၊ အဖေ့အတွက် တစ်ရက်ကလေး ရည်စူးပြီး အချိန်ပေးရတာ၊ လက်ဆောင်ပေးရတာ၊ ကန်တော့ရတာ ဘာများအပန်းကြီးလို့လဲဗျာ။ ဒီနေ့မှာ သူများနဲ့ မတူချင်လို့ နောက်နေ့ ရွှေ့ချင်ရွှေ့ပေါ့။ အဓိကက မိဘကို အချိန်ပေးစေချင်တာပဲ။ ဆုံးရှုံးရတော့မှ တန်ဖိုးထား ငိုပြနေတာမျိုးတွေပဲ မဖြစ်ရအောင် ဒီနေ့က သတိပေးတာပေါ့။ ဒီလိုပဲ ယူဆမိပါတယ်။ အမေနေ့နဲ့ ပတ်သက်ပြီး ထူးခြားတာတစ်ခုတောင် မှတ်မိသေးတယ်။ ကမ္ဘာပေါ်မှာ ဖုန်းခေါ်ဆိုမှု အများဆုံးနေ့ဟာ အမေ့နေ့တဲ့ဗျာ” ဟု စာရေးဆရာ လူသာမန်က ဆိုသည်။
အမေများနေ့တွင် လုပ်ပေးသင့်သည်များနှင့် ပတ်သက်၍ နိုင်ငံခြားဘာသာ တက္ကသိုလ်တွင် အင်္ဂလိပ်စာ သင်ကြားပေးနေသည့် ဆရာဦးအောင်ကျော်ဖြိုးက “နေ့တော်တော်များများကို နိုင်ငံခြားက ပုံတူကူးချပြီး တော်တော်လုပ်လာကြတယ်။ အမေများနေ့လို နေ့မျိုးကိုတော့ သိပ်ပြီး တက်တက်ကြွကြွ မရှိကြသေးဘူး ထင်တယ်။ တကယ်တော့ ဒီနေ့မှာ အမေတွေနဲ့ ကလေးတွေ အတူတူကျင်းပလို့ရတဲ့ အစီအစဉ်လေးတွေ ကျောင်းတွေ၊ ရပ်ကွက်တွေထဲမှာ လုပ်ပေးသင့်တယ်လို့ ထင်ပါတယ်” ဟု သူ၏ ထင်မြင်ချက်ကို ပြောသည်။
မြင့်မြတ်သူတိုင်းအတွက် အထိမ်းအမှတ်နေ့တစ်ခု ထားသင့်ပြီး အမေများနေ့ ဆိုသည်မှာလည်း အမေ့အတွက် ဂုဏ်ပြုသော နေ့တစ်နေ့အဖြစ် မြင်ကြောင်း စာရေးဆရာမ နိုင်းနိုင်းစနေက ဆိုသည်။
“ခုဆိုရင် အမေများနေ့မှာ အမေ့ကိုပဲ ဂုဏ်ပြုသတိရတာမျိုး မဟုတ်တော့ဘဲ လူ့အဖွဲ့အစည်းအတွက် စတေးခံ၊ အနစ်နာခံပေးဆပ်ခဲ့တဲ့ အမျိုးသမီးတွေ အတွက်ပါ ကျင်းပလာကြပါတယ်။ အမျိုးသမီးတွေဟာ အရာရာမှာ ရင်ဘောင်တန်းလာနိုင်သလို မိခင်တစ်ဦးကလည်း မိသားစုဆိုတဲ့ နယ်ပယ်ထဲမှာ မီးဖိုချောင်ဝင်၊ ချက်ပြုတ်စတဲ့ အိမ်မှုကိစ္စတင်မက အဘက်ဘက်မှာလည်း အရေးပါနေပါပြီ” ဟု မနိုင်းနိုင်းစနေက သူ့အမြင်ကို ပြောသည်။
အချို့ကမူ အမေများနေ့ရောက်မှ အမေကို သတိရဂရုစိုက်ရမည် မဟုတ်ဘဲ နေ့စဉ်နှင့်အမျှ အမေ့ကျေးဇူးကို သတိရ အောက်မေ့ကာနေရမည် ဖြစ်သဖြင့် အမေများနေ့ကို ထူးပြီး မဆင်နွှဲလိုဟု ဆိုသူများလည်း ရှိပေသည်။
အမေများနေ့ ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ မိခင်၏ မေတ္တာတရားသည် အမြဲတစေ ဘယ်ပန်းချီရေး မမီနိုင်သကဲ့သို့ အမေများနေ့ ရှိလာသည့် နောက်တွင်လည်း ထိုနေ့တွင် မိခင်များအတွက် ထူးခြားလေးနက်လှသည့် အသိအမှတ်ပြုပွဲလေးများ ရှိသင့်သည်ဟု ဆိုရမည်ဖြစ်သည်။
No comments:
Post a Comment